<

အောက်ဆီဂျင်စက်အား သန့်ရှင်းနည်း



  • အောက်ဆီဂျင်စက် အသုံးပြုနည်း နှင့် သန့်ရှင်း ထိန်းသိမ်းနည်း သရုပ်ပြ ဗီဒီယို
  • စက်ကို ပထမတစ်ယောက်သုံးပြီး နောက်တစ်ယောက် မသုံးခင်မှာဖြစ်စေ၊ အခြားနေရာမှ သယ်ယူလာသည်ဖြစ်စေ ပိုးသတ်ပြီးမှသာ သုံးစွဲပါ။
    အကောင်းဆုံးမှာ အနည်းဆုံး (၅) ရက်ခန့်ထားပြီး ပိုးသတ်ပြီးမှသာ နောက်လူနာ တစ်ယောက် သုံးသင့်ပါသည်။
  • ပိုးသန့်စင်မည့်သူသည် အခြားသူများနှင့် ဝေးရာမှာ mask, face shield/goggles (အကာအကွယ် မျက်မှန်), လက်အိတ်များ စနစ်တကျ ဝတ်ဆင်ပြီးမှ ပိုးသန့်စင်ပါ။
  • (၁) စက်အပြင်ပိုင်းကို အစွန်းချွတ်ဆေး မပါသော ဆပ်ပြာရည် စိမ်ထားသည့် အဝတ်ဖြင့် သုတ်ပါ။ ထို့နောက် kitchen tower စက္ကူလိပ် (သို့မဟုတ်) အဝတ်သန့်ဖြင့် ရေများကို ပြန်သုတ်ပါ။
    လက်ဖြင့် ထိတွေ့နိုင်သော နေရာများ (ဥပမာ - လက်ကိုင်၊ setting ချိန်သောနေရာ) ကို အဓိက ပိုးသန့်စင်ပေးပါ။ စက်ကို အသုံးပြုနေစဉ်တွင် ရေစိုအဝတ်ဖြင့် သန့်စင်ခြင်း မပြုလုပ်ပါနှင့်။
  • (၂) Filters လေစစ်စကာများကို ဖြုတ်ပြီး ထုတ်ပါ။ ဖုန်ခါသန့်စင်ပြီး ချွတ်ဆေးမပါသော ဆပ်ပြာရည်ထဲတွင် ၂ မိနစ်ခန့် စိမ်ပါ။ ပြီးလျှင် ပိုက်ခေါင်းအောက်မှ ရေဖြင့် ပြန်ဆေးပါ။
    အဆင်ပြေလျှင် UV light ခရမ်းလွန် ရောင်ခြည်ပေးစက်ဖြင့် ဖြစ်စေ၊ နေရောင်ထဲမှာဖြစ်စေ မိနစ် ၂၀ ခန့် ထားပြီး ပိုးသတ်ပါ။ လေသလပ်ခံကာ လုံးဝခြောက်သွေ့သွားမှသာ ပြန်လည်တပ်ဆင် သုံးစွဲပါ။ မခြောက်သွေ့သေးဘဲ အသုံးပြုလျှင် စက်အတွင်းသို့ ရေမှုန်ရေမွှား ပါသွားပါက မကောင်းပါ။
  • အထဲတွင် HEPA လို့ခေါ်သော လေစစ်ဇကာကို သေချာဖြုတ်ပြီး ဘရပ်ရှ်ဖြင့် သန့်စင်ပါ။
    ထွက်လာသော ဖုန်ထဲတွင် လူနာမှရှုထုတ်ထားသည့် ဗိုင်းရပ်စ်ပိုးများ ကပ်နေနိုင်တာကြောင့် mask, face shield/ goggles (အကာအကွယ် မျက်မှန်), လက်အိတ်များ သေချာစွာ ဝတ်ဆင်ပြီးမှ ဖုန်သန့်စင်ပါ။
  • (၃) လေရှုပြွန် cannula and tubing နှင့် mask ကို နောက်တစ်ယောက် ပြန်မသုံးသင့်ပါ။ နောက်တစ်ယောက်အတွက် အသစ်လဲ၍ သုံးပါ။
    လူနာတစ်ယောက်တည်း သုံးလျှင်လည်း လူနာ နေမကောင်းဖျားနာမှု ရှိခဲ့လျှင် cannula နှင့် mask ကို အသစ်လဲလှယ် သင့်ပါသည်။
  • Cannula ထိပ် နှင့် mask ကို တစ်ယောက်တည်း သုံးလျှင်တောင်မှ ကြမ်းပြင်၊ စားပွဲခုံ၊ အိပ်ရာပေါ် စသည်တို့ အပေါ်မှာ မချမိစေဖို့ ဂရုပြုပါ။ ထိုသို့ချမိပါက ရောဂါပိုးကိုသာ ရှုရှိုက်မိသလို ဖြစ်စေပါသည်။
  • မျက်နှာပြင် တစ်ခုခုပေါ် ချမိလျှင် Cannula ထိပ် နှင့် mask ကို ဆပ်ပြာရည်ပါသော ရေနွေးထဲမှာစိမ်ပါ။ ပြီးလျှင် ရေဖြင့်ဆေးပြီး Antiseptic solution ပိုးသတ်ဆေးရည် ထဲတွင် မိနစ် ၃၀ စိမ်ပါ။
    မရှိလျှင် (white vinegar) အဖြူရောင် လျှာလကာရည် ၁ ဆ - ရေ ၃ ဆ ပါသော ရေနွေးထဲတွင် မိနစ် ၂၀ စိမ်ပါ။ ခြောက်သွေ့အောင် သုတ်ပြီးမှ သုံးပါ။ UV light (သို့မဟုတ်) နေရောင်ထဲ ထားပြီးလည်း ပိုးသတ်နိုင်ပါသည်။
  • Tubing ပြွန်ရှည်ကို လုံးဝ ရေမစိမ်ရပါ။
    ပြွန်ထဲရေဝင်သွားလျှင် ခြောက်သွေ့ရန် မလွယ်ကူတော့ပါ။
  • (၄) ရေအိုး water trap humidifiers ကိုလည်း အပေါ်က နည်းအတိုင်း ဆေးကြောနိုင်ပါသည်။ ၅ ရက် တစ်ခါလောက် ဆေးပေးပါ။ လူနာပြောင်းတိုင်းလည်း ပိုးသတ်ပေးပါ။
    Antiseptic solution ပိုးသတ်ဆေးရည်ရှိလျှင် ထိုအရည်ထဲတွင် မိနစ် ၃၀ခန့် စိမ်ပါ။
  • Humidifier ပလတ်စတစ်ဘူးထဲ ထည့်မည့်ရေသည် ရေသန့် ဖြစ်ရပါမည်။ ကြိုချက်ထားသော ရေသန့်ဖြစ်လျှင် ပိုကောင်းပါသည်။ နေ့စဉ် ရေအသစ် လဲလှယ်ပေးပါ။
    ရေမသန့်၊ ဘူးမသန့်ခဲ့လျှင် mucormycosis လို့ခေါ်သော Covid လူနာအတွက် နောက်ဆက်တွဲ မှိုနက်ရောဂါ ဖြစ်တတ်ပါသည်။